သွေးပေါင်တက်တိုင်း သွေးကျဆေး မဖြစ်မနေ သောက်ရမှာလား
‘သွေးပေါင်တတ်လို့ သွေးကျဆေး သောက်လိုက်တယ်၊ သွေးတိုးမယ့် အစားအစားစားမိပြီး နေလို့ မကောင်းလို့ သွေးပေါင်ကျဆေး သောက်လိုက်တယ်’ သွေးတိုးရောဂါရှိသူတစ်ယောက် အနေနဲ့ ဒီလိုမျိုး သွေးပေါင်ကျဆေးကို ရံဖန်ရံခါမှ သောက်တာက အမြဲတမ်းအတွက် အဆင်ပြေနိုင်ပါ့မလား?
သွေးပေါင်ကျဆေးဆိုတာ သွေးပေါင်ချိန် (Blood Pressure) ကို လျှော့ချပေးနိုင်တဲ့ ဆေးဝါးတွေဖြစ်ပြီး ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်တဲ့ ဆေးဝါးများဖြစ်ပါတယ်။ သွေးကျဆေး အမျိုးအစားတွေက များစွာရှိသလို လူနာရဲ့ အခြေအနေ၊ အသက်အရွယ်၊ ရောဂါအခံရှိမရှိ စတဲ့ အချက်တွေနဲ့ သေချာချိန်ဆပြီး ပေးရတာဖြစ်လို့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။
ဒါဆိုရင် သွေးကျဆေး သောက်သုံးဖို့ ဘာတွေသိထားသင့်လဲ?
၁။ သွေးတိုးရောဂါ တကယ်ရှိတာလားဆိုတာ သေချာအောင်လုပ်ပါ။ တစ်ခါတစ်ရံ နေ့စဉ်ဘဝမှာ သွေးပေါင်ချိန် တက်နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။
၂။ စိတ်ဖိစီးမှုများတာ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းလုပ်လိုက်မိတာ၊ သွေးတိုးစေတဲ့ အစားအသောက်စားလိုက်တာ စတဲ့ အခြေအနေ တစ်ခုကြောင့် သွေးပေါင်ချိန် တက်သွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလို သွေးပေါင်တက်ပြီဆိုတိုင်း သွေးတိုးရောဂါ ရှိနေပြီ၊ သွေးပေါင်ကျဆေး သောက်ရတော့မယ်လို့ မဆိုလိုပါဘူး။ ဒါ့ကြောင့် ပိုသေချာဖို့ သွေးတိုးရောဂါရှိမရှိကို သေချာ စစ်ဆေးရမှာပါ။ သွေးပေါင်ချိန် တစ်ကြိမ်လောက်တက်ရုံနဲ့ သွေးတိုးရောဂါရှိတယ်လို့ မပြောနိုင်တာကြောင့် သွေးတိုးရှိမရှိကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြပြီး စစ်ဆေးသင့်ပါတယ်။
၃။ သွေးတိုးရောဂါရှိနေသူတစ်ယောက်ဟာ တစ်ခြားသူတွေထက် နှလုံးရောဂါ၊ လေဖြတ်ရောဂါနဲ့ တခြားသောရောဂါတွေ ပိုဖြစ်နိုင်ချေများပါတယ်။ တစ်ခါတစ်ရံမှာ ရုတ်တရက် နှလုံးရပ်တဲ့ အခြေအနေကိုလဲ ကြုံတွေ့ရနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေသေချာချာ လိုက်နာဖို့ လိုသလို သင့်တော်တဲ့ သွေးပေါင်ကျဆေးကိုလဲ ပုံမှန်သောက်သုံးရမှာ ဖြစ်ပါတယ်။
၄။ သွေးတိုးရောဂါရှိနေပြီး သွေးပေါင်ကျဆေးကို မှန်မှန်မသောက်တဲ့အခါမှာ ရောဂါကို ထိန်းချုပ်ရခက်တာ၊ နောက်ဆက်တွဲဆိုးကျိုးတွေဝင်တာနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဝင်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးကို သွေးပေါင်တက်မှမဟုတ်ပဲ ပုံမှန်သောက်သုံးဖို့ အရေးကြီးပါတယ်။
ဒီလိုမျိုး ဆေးပုံမှန်သောက်တာအပြင် အငန်ဓါတ်လျှော့စားတာ၊ အသီးအရွက်များများစားတာ၊ ကိုယ်လက်လှုပ်ရှားမှုများများလုပ်တာ၊ ကိုယ်အလေးချိန်ထိန်းတာ၊ အရက် ဆေးလိပ်ကို လျှော့သောက်တာ စတဲ့ အချက်တွေကိုလဲ လိုက်နာဖို့လဲ လိုအပ်ကြောင်း မျှဝေလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)